တာချီလိတ် ဇွန် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် Biometric data ကောက်ယူ၍ UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မိုင်းကိုးကျေးရွာအုပ်စု အခြေခံပညာ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (မိုင်းကိုး) တွင် ကွင်းဆင်းပြုလုပ်ပေးသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် တာဝန်ရှိသူများက အသက် ၁၀ နှစ်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် Biometric data များ စိစစ်ကောက်ယူပြီး မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်းနှင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များထည့်သွင်း၍ UID နံပါတ်ကတ်များ ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးလင်းအောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးတို့က ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။
အဆိုပါ လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈၇ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့် Biometric data ကောက်ယူ၍ UID ကတ်များ လက်ဝယ်အရောက် ထုတ်ပေးနိုင်ခဲ့ပြီး ကျန်ရှိသော အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း