စစ်တွေ ဇွန် ၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ လိုအပ်သည့်နေရာများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ရခိုင်ပြည်နယ်အတွင်း ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓဆင်းတုတော် များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လိုဏ်ဂူတော်အတွင်းရှိ လိုအပ်သည့်နေရာများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ဂေါပကအဖွဲ့က လိုက်လံရှင်းလင်းပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်အတွင်း ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော အစိုးရသစ်နှင့်အတူ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးဆောင်မှုကို ခရိုင်၊မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်များက လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍတွင် အခြေခံအကျဆုံးဖြစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးသည် အလွန်အရေးပါကြောင်း၊ တည်ဆဲဥပဒေတစ်ရပ်ဖြစ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်” ဟု ဖော်ပြထားကြောင်း၊ ပြည်သူလူထုကရွေးချယ် တင်မြှောက်လိုက်သည့် အစိုးရသစ်နှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူများကိုလည်း ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးရန်လိုအပ်လာခြင်းဖြစ်ကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးအနေဖြင့် ပြည့်စုံရမည့် အရည်အချင်းများကို ဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်၍ ရွေးချယ်ရာတွင် အထူးသတိပြုရွေးချယ်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်သည့်အခါ ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းသည်မှစ၍ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်သည်အထိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အဂတိတရား (၄)ပါး ကင်းရှင်းပြီး ပြည်သူလူထု၏အကျိုးကို အမှန်တကယ် စိတ်ကောင်းစေတနာဖြင့် တာဝန်ထမ်းဆောင်နိုင်သူ၊ အစိုးရ၏ပုံရိပ်ကို ကောင်းမွန်အောင် တာဝန်ထမ်းဆောင်နိုင်သောသူများကို ရွေးချယ်ခန့်အပ်ရန် အထူးအလေးအနက်ထား ဆောင်ရွက်ကြရန်ပြောကြား သည်။
ယင်းနောက် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည့် ကျောက်ဖြူမြိူ့နယ်အုပ်ချုပ်ရေးမှူးနှင့် မာန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ်ခန့်ထား နိုင်ရေးဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဟိန်းသူက ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားနိုင်ရေးဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါအစည်းအဝေးခန်းမ၌ စစ်တွေမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေဒေသ လုံခြုံရေးအတွက် လုပ်ဆောင်မည့် လုပ်ငန်းများကို အဓိကလုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း၊ အလားတူ ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကိုလည်း ပိုမိုတိုးတက်လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း၊ လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်သာကိုင်သာဖြစ်စေရန်အတွက် ဒေသန္တရပေါက်ဈေးကို အစိုးရအဖွဲ့က သတ်မှတ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများကိုလည်း မိမိတို့ဒေသ မှရရှိနိုင်သည့် အရည်အသွေးပြည့် ပစ္စည်းများကို အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ထားရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် တည်ဆောက်ရေးလုပ်ငန်း များကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်အောင်၊ နိုင်ငံတော်သို့ အမှန်တကယ် ပေးဆောင်ရမည့် အခွန်အခများကို ကျေပွန်စွာ ပေးဆောင်နိုင်အောင် ဆောင်ရွက်ပေးသွားကြရန်မှာကြားလိုကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တည်ဆောက်ရေးကုမ္ပဏီလုပ်ငန်းရှင်များက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များနှင့် တည်ဆောက်ရေးသုံးပစ္စည်းများ သိုလှောင်ထားရှိမှုတို့ကို ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်မေးမြန်းဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)