မင်းဘူး (စကု) မြို့နယ် မောင်းမကန်ကျေးရွာ၌ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk) ကျင်းပ

မင်းဘူး မေ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မောင်းမကန်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်နှင့်အတူ မင်းဘူးခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖ များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၅၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk) တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရက် (၁၀၀) အတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID ကတ်များကို One Stop Service ဖြင့် နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးနေမှုများအကြောင်း၊ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လေထုညစ်ညမ်းမှုနှင့် မီးခိုးမြူငွေ့များအကြောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်ကောင်းမွန်ရရှိစေရေးနှင့် တောင်သူလယ်သမားဘဝ ဝင်ငွေနှစ်ဆတိုးစေဖို့ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများ လိုက်နာကျင့်သုံး ဆောင်ရွက်ရေးအကြောင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြေပုံရေးဆွဲရေး၊ စိုက်ပျိုး​ရေးဆိုင်ရာ မြေပြင်စာရင်းမှတ်တမ်းများကောင်ယူရေး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ဥပဒေနှင့် ပုံစံ-၇ များအကြောင်း စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသော ဒေသခံပြည်သူများ၏ သိရှိလိုသော မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)