မြစ်ကြီးနား မေ ၃၁
ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူလူထုများအား အသိပညာဗဟုသုတနှင့်ပြည့်စုံစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိသော ကချင်ပြည်နယ်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအား လူထုဟောပြော နည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး ဦးကျော်ထက်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ကျွမ်းကျင်ပညာရှင်များက လူထုများအကြား ဟောပြောပွဲများ ကျင်းပရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဟောပြောနိုင်ရေးအတွက် လူထုဟောပြောနည်းများကို သင်ကြားပို့ချပေးခဲ့ပြီး လူထုဟောပြောပွဲပုံစံဖြင့် သရုပ်ပြပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော သင်တန်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့ပြင် မွန်းလွဲပိုင်း (၁) နာရီကလည်း အဆိုပါခန်းမ၌ မြစ်ကြီးနားမြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာများ၊ ဘဏ္ဍာရေးဆိုင်ရာများ၊ အလုပ်အမှုဆောင်အသစ်များနှင့် စတုတ္ထအကြိမ် မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို) ညီလာခံ ကိုယ်စားလှယ်ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)