တောင်ဥက္ကလာပ မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အတွင်း ပါဝင်သည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ခရီးသွားလာရာတွင်လည်းကောင်း အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးများကို အပြည့်အဝရရှိနိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် “လမင်းစီမံချက်”အရ အသက် (၁၀) နှစ်ပြည့်နှင့် အသက် (၁၈)နှစ်ပြည့်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များ ထုတ်ပေးသည့်အခမ်းအနားကို မေ ၂၉ ရက်နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက် သစ္စာလမ်းရှိ သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက စီမံချက်ဖြင့်ဆောင်ရွက်ပေးမှုများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေးအပ်ခြင်းကို ဆောင်ရွက်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးသူဇာ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သင်္ဃန်းကျွန်းခရိုင်ဦးစီးမှူး ဦးရန်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ဥက္ကလာပမြို့နယ်ဦးစီးမှူး ဦးဇော်မျိုးအောင်တို့က သက်ဆိုင်ရာ ကာယကံရှင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများထံသို့ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)