တောင်ကြီး မေ ၃၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေမှူး ဦးစိုင်းထွန်းထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မေလ (၃၀)ရက် မနက်ပိုင်းက တောင်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ ရက် (၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော အေးသာယာမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ အေးငြိမ်းသီတာလမ်း ကတ္တရာခင်းရန်အတွက် မြေသားလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ထီသိမ် ကျောက်တန်းရေထွက်အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနနှင့် သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့ ဒေသဖွံ့ဖြိုးရေးအကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် ဩတချောင်း သုဿာန်ဟောင်းမြေနေရာနှင့် အသစ်ရွေ့ပြောင်းမည့် ထီသိမ်သုဿာန်သစ် မြေနေရာတွင် လုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ကာလအတွင်းအချိန်မှီ ပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် ဘုရားဖြူ အဆင့်မြင့်ဈေးသစ် တည်ဆောက်မည့် ဘုရားဖြူပါမိုးနဲသုဿာန်ဟောင်း မြေနေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ကြီးမြို့ City Square တွင် သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ တာဝန်ရှိသူမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)