သထုံမြို့နယ်၌ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

သထုံ မေ ၃၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတို့ပူးပေါင်း၍ “‌ဒေသဖွံ့ဖြိုး‌ရေး ” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဘင်လှိုင်ရပ်ကွက်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးက အမှာစကားပြောကြားပြီး မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတို့ပူးပေါင်း၍ ညီညွတ်စွာ ဆောင်ရွက်ကြမှသာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ရာ ပြည်သူ့စကားဝိုင်းများမှတစ်ဆင့် ပြည်သူတို့၏အသံများကို လွှတ်တော်သို့ယူဆောင်သွားနိုင်ရေး ‌ဆွေးနွေးပေးကြစေလိုပါကြောင်း ‌ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ပြည်သူ့စကားဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုလည်း‌ကောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာငြိမ်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ ဒေါ်ခင်သီတာလှိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စာပေဗဟုသုတများမှသည် အသိဉာဏ်ဖွံဖြိုးရေးနှင့် လူမှုဝန်းကျင်ဖွံ့ဖြိုး‌ရေး ဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးကြရာ တက်‌ရောက်လာသည့် ပြည်သူများက မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ဒေသဖွံ့ဖြိုး‌ရေးတို့အတွက် ဆောင်ရွက်ပေးစေလိုသည်များ၊ လိုအပ်ချက်များကို တင်ပြမေးမြန်းခဲ့ကြပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါပြည်သူ့စကားဝိုင်းသို့ ရပ်ကွက်နေပြည်သူများ၊ လူမှုကူညီရေးပရဟိတအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)