ရွှေကူ ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာခန်းမဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်တွင် ဝေခူးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝေခူးကျေးရွာ ခန်းမဆောင်သစ်အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးယုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည် များဖြင့် ပတ်ဖျန်းပေးခဲ့သည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က ကျေးရွာခန်းမဆောင်အား ကျေးရွာနေ ပြည်သူများ အတွက် ဘက်စုံအသုံး ပြုနိုင်ရန် ဆောင်ရွက်ပေးရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများအား ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်ဆိုလူကျော်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာလူထု၏ လုပ်ငန်းစွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးဖုန်းကျော်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ လူထုဗဟိုပြုစီမံကိန်းမှ တတိယနှစ်စက်ဝန်းတွင် ဆောင်ရွက်သော ဝေခူးကျေးရွာရှိ ခန်းမဆောင်သည် အတိုင်းအတာ (၈၀ ပေ× ၃၀ ပေ× ၁၂ ပေ ၆လက်မ)ရှိပြီး စီမံကိန်းထောက်ပံ့ငွေ ၂၉၁၃၉၄၉၃ ကျပ်နှင့် ကျေးရွာလူထုမှ ထည့်ဝင်ငွေ ၂၀၀၀၀၀ ကျပ် စုစုပေါင်း ကုန်ကျစရိတ်ငွေ ၂၉၃၃၉၄၉၃ ကျပ် ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)