ချောင်းဆုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အဘစ်(နှီးမုတ်)ကျေးရွာ ရွာပတ်ချောင်း တူးဖော်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ချောင်းဆုံ မေ ၃၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်သူအတွက် ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ချောင်းနှင့် ရေနုတ်မြောင်းများကို တူးဖော်လျက်ရှိရာ မေလ (၃၀) ရက်နေ့ နံနက်ပိုင်း အဘစ်(နှီးမုတ်)ကျေးရွာ ရွာပတ်ချောင်း တူးဖော်နေမှုအား  မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောရှားထွန်းကျော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

အဆိုပါ ရွာပတ်ချောင်းတူးဖော်ခြင်းကို ချောင်းတိမ်ကောခြင်းကြောင့် မိုးစပါးစိုက်လယ်ဧက (၄၀၀) ကျော်ကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေဖြင့် ထိပ်ဝ အကျယ် (၂၁)ပေ၊ အောက်ခြေအကျယ် (၇) ပေနှင့် ပျှမ်းမျှအနက် (၇)ပေရှိသည့် အလျားပေ (၅၀၀၀)ကို ရက်(၁၀၀)အတွင်း ပြီးစီအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ရေနုတ်မြောင်း (၇) မြောင်း တူးဖော်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ကိုကျော်(ချောင်းဆုံ)