ရေး မေ ၃၁
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ (မြို့နယ်အဆင့်) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်တွင် ကျင်းပသည်။
အခမ်းအနားကို အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူလေးများက “ကျောင်းအပ်ကြစို့” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး ရေးမြို့နယ် (ခေတ္တ)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်းက အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာရေးကဏ္ဍကို ဦးတည်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေးနှင့် စဉ်ဆက်မပြတ် ပညာလေ့လာသင်ယူနိုင်ရေးအတွက် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ရေးမြို့နယ် ပညာရေးမှူး ဦးသန်းထွန်းက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံတို့ကို ကျောင်းသား၊ကျောင်းသူတစ်ဦးချင်း ပေးအပ်သည်။
ရေးမြို့နယ်အနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူ ၃၄၉၃၆ ဦး လက်ခံဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရှင်းသန့်ဖြူ