ရေးမြို့နယ်၌  မျိုးစပါးနှင့် မျိုးစေ့ချကိရိယာ (Seeder) ပေးအပ်ပွဲကျင်းပ

ရေး မေ ၃၁

မွန်ပြည်နယ်၊ ရေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မိုးစပါးရာသီမျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများအားမျိုးစပါးနှင့် မျိုးစေ့ချကိရိယာ (Seeder) ပေးအပ်ပွဲအခမ်းအနားကို မေ ၂၉  ရက်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်   ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  (ခေတ္တ)  ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က နိုင်ငံတော်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အဓိကထားအကောင်အထည်ဖော်  ဆောင်ရွက်ပေးလျက်ရှိရာ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိုးစပါးမျိုးကောင်း၊ မျိုးသန့်များရွေးချယ် စိုက်ပျိုးခြင်းဖြင့်  တစ်ဧကအထွက်နှုန်း  တိုးတက်ကောင်းမွန်၍  တစ်ဦးချင်းဝင်ငွေ မြင့်မားလာမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အေးမွန်က မျိုးစပါး ပေးအပ်ခြင်းနှင့်ပတ်သက်၍ မိုးစပါးစိုက်ပျိုးရာတွင်  လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး စနစ်တကျ စိုက်ပျိူးနည်းစနစ်များကို ရှင်းလင်းသည်။

ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး  ဒေါ်မိုးမိုးသန်းလှိုင်က မျိုးစေ့ချကိရိယာ (Seeder)ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပေးအပ်ပွဲကိုကျင်းပခဲ့ရာ တာဝန်ရှိသူ များက အစင်ကျေးရွာဒေသခံတောင်သူ ရှစ်ဦး၏ စိုက်ပျိုးဧက ၄၀ အတွက် ပေါ်ဆန်းရင် မျိုးစပါးတင်း  ၃၀၊ ဆင်းသုခမျိုးစပါး ၁၀ တင်းနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော  ဘောင်ကြီးတင် မျိုးစေ့ချ ကိရိယာတစ်လက်၊ မျိုးစေ့ချကိရိယာ ၄၀ တို့အား  တောင်သူများလက်ဝယ်အရောက်  ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှင်းသန့်ဖြူ