တောင်ကြီး မေ ၃၁
ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း/တံတား၊ ရေပေးရေးနှင့် အခြားလုပ်ငန်းများအတွက် တင်ဒါဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းကကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစီးမှူး ဦးမောင်မောင်ဝင်းနှင့် ဝန်ထမ်းများ၊ ပုဂ္ဂလိကကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးက ကုမ္ပဏီများအနေဖြင့် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရာတွင် မိမိတို့၏ကုမ္ပဏီဖြင့် သက်ဆိုင်သည့် အချက်အလက်များ မှန်မှန်ကန်ကန် ထည့်သွင်းယှဉ်ပြိုင်ကြရန်လိုအပ်ကြောင်း၊ တင်ဒါကော်မတီဝင်များမှလည်း တင်ဒါတင်သွင်းလာသည့်ကုမ္ပဏီများကိုစိစစ်ရာတွင် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ တင်ဒါတင်သွင်းသူများ တန်းတူအခွင့်အရေးရရှိစေရေး အလေးထားစိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက တင်ဒါခေါ်ယူခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တင်ဒါများအား ဖွင့်ဖောက်စိစစ်ခဲ့ကြောင်း သိရသည်။
ထက်ဝေ (ပြန်/ဆက်)