ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ ဧည့်သည်ခေါ်ဘုရားပွဲတော်နှင့် (၅၁)ကြိမ်မြောက် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲ အစဉ်လာမပျက်ကျင်းပ

ချောင်းဆုံ ဧပြီ ၂၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရှေးအစဉ်အလာမပျက် ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ဧပြီလဆန်းပိုင်းမှစတင်၍ တစ်ရွာတစ်ရက်ကျင်းပပြီး တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ဖြစ်သည့် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုကို ထည့်သွင်းကျင်းပလျက်ရှိသည့် ကမာမိုကျေးရွာဘုရားပွဲ၌ ဧပြီ ၂၂ ရက် ညနေပိုင်းက (၅၁)ကြိမ်မြောက် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကမာမိုကျေးရွာ ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ၁၉၇၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၅၁) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များ မိမိယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတတ်ရန်အတွက် ရည်ရွယ်၍ ဘုရားဖူးနွားလှည်းယဉ်ကျေးမှု ပြိုင်ပွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကမာမိုကျေးရွာ ဘုရားဖူးနွားလှည်းယဉ်ကျေးမှု ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးဖေဝင်းက ပြောသည်။

အဆိုပါ ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ပြိုင်ပွဲဝင် ဘုရားဖူးနွားလှည်းယာဉ်လေးစီး ဝင်ရောက်ယှဉ်ပြိုင်ကာ အမှတ်ပေးအဖွဲ့ ငါးဖွဲ့မှ နွား၊ လှည်း၊ ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုအချိုးအစား စသည်ဖြင့် အမှတ်ပေး၍ ဆုချီးမြှင့်ပေးမည်ဖြစ်ပြီး အဆိုပါဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ရပ်ဝေးရပ်နီးမှ လာရောက်ကြည့်ရှုသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကိုကျော် (ချောင်းဆုံ)