လယ်ဝေးမြို့နယ်၌ ၂ဝ၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

လယ်ဝေး မေ ၃၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား / ကျောင်းသူများက "ကျောင်းအပ်ကြစို့"သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် လယ်ဝေးခရိုင်ပညာရေးမှူးဒေါ်စမ်းစမ်းအေးက အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူရမည့် အရွယ်ကလေးအားလုံး ကျောင်းတက်ရေး၊ ကျောင်းအပ်နှံရေးရက်သတ္တပတ်သည် နိုင်ငံတော်အတွက်ရော ပညာရေး မိသားစုအတွက်ပါ မင်္ဂလာရှိသည့်နေ့များဖြစ်ပါ‌ကြောင်း၊ “နိုင်ငံတော်စဉ်ဆက်မ ပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ကျောင်းအပ်နှံရေးသီတင်း ပတ်ဆောင်ပုဒ်ကို အလေးအနက်ထားပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ထမ်းများ၊ မိဘပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး လယ်ဝေးမြို့နယ် ပညာရေးမှူး ဒေါ်စမ်းစမ်းသွယ်က ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် လယ်ဝေးခရိုင်ပညာရေးမှူးနှင့်တာဝန်ရှိသူများက အခမဲ့ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများကိုပေးအပ်ကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)