ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် "ဒေသအဆင့်ကျောင်းအပ်နှံရေးနေ့" အခမ်းအနားသို့ တက်ရောက်

ပင်းတယ မေ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ "ဒေသအဆင့် ကျောင်းအပ်နှံရေးနေ့" အခမ်းအနားကို မေလ ၂၉ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်) တွင် ကျင်းပသည်။

ဦးစွာ ပထမပိုင်းအခန်းအနားအစီအစဉ်ကို အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်) ကျောင်းရှေ့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် "ဒေသအဆင့် ကျောင်းအပ်နှံရေးနေ့" ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် အလုပ်အမှုဆောင်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ပညာရေးဌာနက တာဝန်ရှိသူများမှ ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ဘင်ခရာ၊ ပန်းပွားစသည့် အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းအပ်နှံရေးဒုတိယပိုင်းအစီအစဥ်ကို "ပညာ့ရောင်ခြည်" ခန်းမတွင် ကျင်းပရာ အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ကျောင်းအပ်နှံရေးနေ့" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်တည်ဆောက်ရေးမှာ ပညာရေးကဏ္ဍဟာ အရေးကြီးသည်နှင့်အညီ နိုင်ငံတော်နှင့် ပညာရေးကဏ္ဍရည်မှန်းချက်များ ပေါက်မြောက်အောင် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍသည်လည်း လွန်စွာမှပင်အရေးကြီးပါကြောင်း၊

ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းသို့ ရောက်ရှိရေး ကျောင်းနေနိုင်ရေးကိုလည်း ဆရာ၊ မိဘအားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏အကျိုး၊ မိမိတို့ဒေသ၊ မိမိတို့မြို့နယ်အကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသားလူငယ်များကို နိုင်ငံတော်ချစ်စိတ်၊မျိုးချစ်စိတ်များရှိလာစေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး၊ အမှားအမှန်ကို ပိုင်းခြားနိုင်စွမ်းရှိသော လူတော်လူကောင်းများ ပေါ်ထွက်လာပါစေကြောင်း စသည်ဖြင့် တိုက်တွန်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံ၊ ဘောပင်၊ အားကစားပစ္စည်း၊ ပြဌာန်းစာအုပ်၊ လမ်းညွှန်စာအုပ်၊ နေ့စဉ်မှတ်တမ်းစာအုပ်နှင့် အချိန်ပိုင်းပျက်ကွက်စာအုပ်များအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာများမှ လက်ခံရယူခဲ့ကြကြောင်း သိရပြီး အခမ်းအနားကို အ-ထ-က ကြို/သက် ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် အခြေခံပညာအထက်တန်းကျောင်း (ကြို/သက်) ၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ဆရာ/ ဆရာမများက ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်နေမှုအခြေအနေများကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)