မိုးညှင်း မေ ၃၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးဝန်ထမ်းများအား လူကုန်ကူးမှုဆိုင်ရာနှင့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက လူကုန်ကူးမှုဆိုင်ရာနှင့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ သက်ငယ်မုဒိမ်းမှုနှင့် တရားမဝင် အလုပ်သမားခိုင်စေမှုများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် အွန်လိုင်းဖြင့်အသုံးပြု၍ ပြည်တွင်းပြည်ပတွင် အလုပ်လုပ်ကိုင်ရန် စည်းရုံးခေါ်ယူခြင်းခံရမှုအပေါ် လူကုန်ကူးခြင်းခံရနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ပါဝင်ပွိုင့်ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးဝန်ထမ်းများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ တပ်ဖွဲ့စိတ်မှူးက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားပြီးနောက် ၎င်းတပ်ဖွဲ့ဝင်များက လူကုန်ကူးမှုနှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း