နမ့်စန်တွင်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

နမ့်စန်(တ) မေ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ကျင်းပခဲ့သည်။

ဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကိုဝင်း၊  နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း၊ နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသီတာနွယ်နှင့်တာဝန်ရှိသူတို့က မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ကျောင်းအဝင်မုဒ်ဦးရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အ.ထ.က(နမ့်စန်)ကျောင်းအတွင်း ကျောင်းသား/ကျောင်းသူများ ကျောင်းလာရောက် အပ်နှံမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို သရဖီခန်းမအတွင်းတွင် ဆက်လက်ကျင်းပခဲ့ရာ အ.ထ.က(နမ့်စန်)မှ ကျောင်းသား/ကျောင်းသူများက ကျောင်းအပ်နှံရေးနေ့ သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကိုဝင်းက ကျောင်းသား/ကျောင်းသူများအတွက် နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးသော ကျောင်းသုံးပြဌာန်းစာအုပ်များကိုပေးအပ်ခဲ့ရာ အ.ထ.က(နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်က လက်ခံရယူ ခဲ့သည်။

ဆက်လက်၍ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်စွမ်းလှိုင်မင်း၊ နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့်တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအတွက် နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးသော ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများက လှူဒါန်းသော အလှူငွေနှင့်ကျောပိုးအိတ်များကို အသီးသီးပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူ ခဲ့ကြသည်။

ထို့နောက် အ.ထ.က(နမ့်စန်)မှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်းသိရသည်။

သူရအောင်(နမ့်စန်)