ပေါင် မေ ၃၀
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်က ပေါင်မြို့နယ်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေ၊ သောက်သုံးရေရရှိရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်များမှ ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး၊ စက်မှုကဏ္ဍအတွက် အသေးစား ၊ အငယ်စား နှင့် အလတ်စားဖြစ်တဲ့ (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊အိမ်ထောင်စုများ လျှပ်စစ်ဓာတ်အား ရရှိစေရေး၊လမ်းပန်း ဆက်သွယ်ရေးပိုမိုကောင်းမွန်စေရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊လူမှုစီးပွားနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရှိစေရန် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊စားရေရိက္ခာဖူလုံရေးနှင့်ပတ်သက်၍ ပေါင်မြို့နယ်အနေဖြင့် ဆန်ဖူလုံမှုရှိတဲ့ မြို့နယ်တစ်ခုဖြစ်သော်လည်း မိုးစပါးနှင့် နွေစပါးစိုက်ဧကများ စီမံကိန်းလျာထားချက်ပြည့်မီကျော်လွန်စွာစိုက်ပျိုးနိုင်ရေးနှင့် ဆီဖူလုံမှုရရှိရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း ပေါင်မြို့နယ်ရဲ့ စီးပွားရေးအရှိန်အဟုန်မပျက် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပေးအပ်သည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်ရေးကို စနစ်တကျ စီမံချက်များရေးဆွဲပြီး ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပေါင်မြို့နယ်စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းခိုင်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်မှ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)