မိတ္ထီလာမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းရန်ပုံငွေ ထုတ်ချေး

မိတ္ထီလာ မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းရန်ပုံငွေထုတ်ချေးခြင်းကို မေလ ၂၉ ရက်နေ့က ညောင်ပင်သာကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် စီမံကိန်းတာဝန်ခံက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးထိုက်က စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ အား ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ အငယ်စား၊ အလတ်စားနှင့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးရရှိစေရန်၊ အဆိုပါလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် လုပ်ကိုင်တက်စေရန် ရည်ရွယ်၍ ညောင်ဇောက်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာတွင် ရက် (၁၀၀) စီံမံချက်ဖြင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းရန်ပုံငွေ ဖြင့်  အထည်ချုပ်လုပ်ငန်းဆောင်ရွက်သည့် အစုအဖွဲ့ လေးဖွဲ့အား တစ်ဖွဲ့လျှင် ရန်ပုံငွေကျပ်  ၇၅ သိန်းနှုန်းဖြင့် အဖွဲ့ဝင်များ လက်ဝယ်အရောက် စနစ်တကျလွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)