ပြင်ဦးလွင် မေ ၃၀
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ပြင်ဦးလွင်မြို့နယ်တွင် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ပြင်ဦးလွင်မြို့ ကုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက Moderatorအဖြစ်ဆောင်ရွက်ပြီး လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade - (12) ကျောင်းသား၊ ကျောင်းသူများဖြစ်သော မောင်ဘုန်းသန့်က “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မ၀င့်ဝါမောင်က “ယနေ့လူငယ်ဟူသည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနန်းခင်ဆောင်းဦးက “လူငယ်နှင့် စိတ်ခွန်အား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဗမာစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာကိုရွှေအောင်သင်းက ကျောင်းသား၊ကျောင်းသူများ ဆွေးနွေးခဲ့ကြသည့် အပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးခဲ့သော ကျောင်းသား၊ ကျောင်းသူများက မေးမြန်းချက်များအပေါ် ပြန်လည် ဖြေကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား တာ၀န်ရှိသူများက ဂုဏ်ပြုကတ်များနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ မေးခွန်းမေးမြန်းဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ပြီးနောက် လူငယ်စကားဝိုင်းအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊စာစောင်များအား ခင်းကျင်းပြသပေးခဲ့ကြသည်။ လူငယ်စကားဝိုင်းသို့ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သွေးသွေး (ခရိုင်၊ ပြန်/ဆက်)