ပြည်ကြီးတံခွန် မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ကြီးမှူး၍ မြန်မာ့အားကစားကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် အမျိုးသားစိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ ၅၆ လမ်း၊ ၁၂၇×၁၂၈ ကြားရှိ ထထ-၃၆၊ အားကစား ကွင်း၌ ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့က စတင် ဘောလုံးပြိုင်ပွဲကစားခဲ့ရာ ယမန်နေ့ ညနေ ၄ နာရီက လွှတ်တော်ကိုယ်စားလှယ်များဖလား အသက်(၁၃) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဘောလုံးပြိုင်ပွဲ မစတင်မီ ပြည်ကြီးတံခွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းအေးနှင့် အားကစားနည်းပြများက ဘောလုံးပြိုင်ပွဲတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအား ဦးစွာ ရှင်းပြသည်။ ယင်းနောက် အသက် (၁၃) နှစ်အောက် အမျိုးသား ဘောလုံး တတိယ လုပွဲကို ဆက်လက်ပါဝင်ယှဉ်ပြိုင် ကစားခဲ့ပြီး ညနေ ၅ နာရီတွင် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ဆက်လက် ပါဝင်ယှဉ်ပြိုင်ကစားခဲ့သည်။
ယင်းနောက် ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆု၊ ပွဲစဉ်တစ်လျောက် ဂိုးသမားအကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျောက် အကောင်းဆုံးဆုအသင်း၊ ပွဲစဉ် တစ်လျောက် ဂိုးသွင်းအများဆုံး ရရှိသော အားကစားသမားဆု၊ စတုတ္ထဆုရရှိသော ကိုထက် အသင်း၊ တတိယဆုရရှိသော ကိုကုလားအသင်း၊ ဒုတိယဆုရရှိသောသြယံသစ်အသင်းနှင့် ပထမဆု ရရှိသည့် ဝက်ကလေးအသင်းတို့အား ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်း ပါတီကော်မတီဝင် ဦးမြတ်သူ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးသောင်းနိုင်၊ မဟာအောင်မြေခရိုင်ပါတီ ဥက္ကဋ္ဌ ဦးမြင့်သန်း မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစိုးအေး၊ မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်နှင့် သီဟ သုဓမ္မမဏိဇောတတရ TS မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ဦးသန့်ဇင်တို့က ပထမဆုဖလား၊ ဆုတံဆိပ်များ၊ အားကစားဝတ်စုံများ၊ အရုပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)