ရန်ကုန်တိုင်းဒေသကြီး၌ စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပိတ်ပွဲကျင်းပ

ရန်ကုန် မေ ၃၀

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေးအစီအစဉ်(၃) (Yangon Region Hluttaw Capacity Building Programme -3 ) စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို Media Corner ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့မှ စာရင်းအင်းပညာရှင်များနှင့် ဌာနဆိုင်ရာ အကြီးအမှူးများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဟောပြောဆွေးနွေးခဲ့သည့် ပုဂ္ဂိုလ်များအား လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရဂုဏ်ပြု လက်ဆောင်ပေးအပ်သည်။

ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယကဥက္ကဋ္ဌတို့က အသိမှတ်ပြုလက်မှတ်ပေးအပ်ခဲ့သည်။ ထို့နောက်ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်(ငြိမ်း)ဦးမြင့်အောင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာသူများ ကိုယ်စားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းသည်။

အောင်မြင့်(ပြန်/ဆက်)