ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ဒဂုံဆိပ်ကမ်း မေ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီး သန့်ရှင်းသော သောက်သုံးရေနှင့် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက အမှတ်(၉၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပကြောင်း သိရသည်။

စကားဝိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လတ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ခိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်ကြီး (၄)ရပ်နှင့် လုပ်ငန်းတာဝန်ကြီး(၆)ရပ်တို့အား ပြည်သူများသိရှိ၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ပြည်သူများနှင့်လက်တွဲညီညီပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်က ဌာန၏ ရည်မှန်းချက်(၄)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်သန့်ဇင်က မြို့ပြနေပြည်သူများ၏ ကျန်းမာရေး၊ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့ပြအခြေခံအဆောက် အအုံများနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကို စီမံခန့်ခွဲဆောင်ရွက် ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော်က ဌာနအနေဖြင့် မြို့နယ်အတွင်းကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ၊ မိခင်နှင့်ကလေးမျိုးပွားကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် လုပ်ငန်းခွင်ကျန်းမာရေးနှင့် သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျှက်ရှိရာ ပြည်သူများပူးပေါင်းပါဝင်၍ သက်ရှည်ကျန်းမာသော လူမှုပတ်ဝန်းကျင်ကို လက်တွဲညီညီ တည်ဆောက်သွားစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ထူးချွန်ဝင်းက မီးသတ်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ်ဆက်သွယ်ရန် မီးသတ်ဖုန်း ၁၉၁ သိုဆက်သွယ်ရန်နှင့်၊ 191 Report Software တွင်ကျယ်စွာအသုံးပြုနိုင်ရေး အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်က ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ကျောင်းသို့ရောက်ရှိရေး မိဘ၊ ဆရာ၊ ရပ်ကွက်သူ/သားများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် ယခုပညာသင်နှစ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ပြင်ပရောက်ရှိနေသော မူလတန်းအဆင့် (Grade-2 မှ Grade-5) အလယ်တန်းအဆင့် (Grade-6မှ Grade-9) ကျောင်းနေအရွယ်ကလေးများ အသက်အရွယ်အရ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ကြားနိုင်ရေး  Placement  Test (အထူးအစီအစဉ်)ဖြေဆိုရန် ဆောင်ရွက် ထားရှိကြောင်း ပြည်သူများသိရှိနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့သည်။

ထို့နောက်စကားဝိုင်းသို့ တက်ရောက် လာကြသော ဒေသခံပြည်သူများက မူလတန်းကျောင်းရရှိရေး၊ လမ်းခင်းရန်ကျန်ရှိနေသည့် လမ်းများအား လမ်းရရှိရေး၊ ဈေးရရှိရေးနှင့် လူဦးရေထူထပ်မှုကြောင့် လျှပ်စစ်မီးအားမနိုင်၍ ထရန်စဖော်မာများ ချထားပေးနိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် စက်ယန္တရားကူညီ ဆောင်ရွက်ပေးစေလိုကြောင်းတို့ကို ဆွေးနွေးတင်ပြကြရာ လွှတ်တော်ကိုယ်စားလှယ်ကြီးများက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် လွှတ်တော်တွင်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ စကားဝိုင်းအပြီးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ခိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထုတ်ဝေသော အွန်လိုင်းလိမ်လည်မှု အသိပညာပေး လက်ကမ်းစာစောင်များနှင့် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အတွင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူ့စကားဝိုင်းများကို ရပ်ကွက်/ကျေးရွာများအလိုက် ကျင်းပပေးသွားမည်ဖြစ်ရာ ၂၀၂၆ ခုနှစ် မေလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ကျေးရွာ(၃)ရွာတွင် ဆောင်ရွက်ပေးခဲ့ပြီး ယခုဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် အမှတ်(၉၀)ရပ်ကွက်တွင် ဒုတိယအကြိမ် ကျင်းပပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးစည်သူမောင်မောင်ထံမှ သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)