တောင်ကြီး မေ ၃၀
နိုင်ငံတော်၏လူ့စွမ်းအားအရင်းမြစ်များဖြစ်သည့် လူငယ်များအား နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ရန်နှင့် ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်လူရွယ်များ ဖြစ်ပေါ် လာစေရန်ရည်ရွယ်၍ ဒုတိယအကြိမ်နွေရာသီအခြေခံ ကွန်ပျူတာ၊ အင်္ဂလိပ်စာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မနက်ပိုင်းက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်၊ ပါမောက္ခချုပ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် ဦးစီးမှူး ဦးစိုးညွှန့်ရွှေ၊ ပြည်နယ်နှင့်ခရိုင်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက အဖွင့်အမှာစကား ပြောကြားရာတွင် ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုတည်ဆောက်ရာတွင် ထူးချွန်ထက်မြက်သည့် လူ့စွမ်းအား အရင်းမြစ်များဖြစ်သော အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော် မြင့်မားတိုးတက်အောင် ဆောင်ရွက်ပေးမည့် လူငယ်များကို စနစ်တကျမှန်မှန်ကန်ကန်လေ့ကျင့် ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ သင်တန်းတက်ရောက်ပြီးသောလူငယ်များအနေဖြင့်လည်း လေ့ကျင့်သင်ကြားပေးလိုက်သည့် ဘာသာရပ်များကို ရပ်တန့်မသွားပဲ ဆက်လက်လေ့လာသင်ယူ သွားကြရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယအကြိမ် နွေရာသီအခြေခံ ကွန်ပျူတာသင်တန်းတွင် ထူးချွန်စွာအောင်မြင့်ခဲ့သည့် သင်တန်းသား/သင်တန်းသူများကို ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူကလည်းကောင်း၊ အင်္ဂလိပ်စာသင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် သင်တန်းသူများကို ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်ကလည်းကောင်း၊ သင်တန်းများတွင် နည်းပြအဖြစ်ကူညီ ဆောင်ရွက်ပေးခဲ့သည့် နည်းပြများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် ဦးစီးမှူး ဦးစိုးညွှန့်ရွှေက လည်းကောင်း ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာသင်တန်းကို နည်းပြဆရာ (၂) ဦးက (၁၁.၅.၂၀၂၆) ရက်နေ့မှ (၂၉.၅.၂၀၂၆) ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ (၃၃) ဦးအား (၁၉) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)