မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား တက်ရောက်

မော်လမြိုင် မေ ၃၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ယခုလို အသိပညာပေးဟောပြောပွဲတွေ လက်ခံကျင်းပခြင်းအားဖြင့် ပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်နစ်နာပျက်စီးဆုံးရှုံးစေသည့်ကိစ္စရပ်များနှင့် ပြစ်မှုပြစ်ဒဏ်တွေကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်စေနိုင်သော အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစနစ်များ အကောင်အထည်ဖော်ရာမှာ အဓိကကျတဲ့အတွက် အဂတိကင်းစင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိရန် အထူးလိုအပ်ပြီး အဂတိလိုက်စားမှုကင်းစင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပေါ်လာစေရန် အစိုးရနှင့်ပြည်သူတစ်ရပ်လုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတတွေကို မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့အဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားမှာ အရေးပါတဲ့ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းတွေသာမက ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီး အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ဒုတိယပိုင်းအခမ်းအနားအစီအစဉ်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ နိုင်ငံတကာရေးရာနှင့်တားဆီကာကွယ်ရေးဦးစီးဌာန၊ တားဆီတာကွယ်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ နိုင်ငံတကာရေးရာနှင့်တားဆီကာကွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က အဂတိအဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခြင်းအပေါ်  ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှ လှူဒါန်းသည့် အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစွည်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌  ပြင်ဆင်ထုတ်ပိုးခြင်းကို ဆောင်ရွက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများအား ချင်းပြည်နယ်သို့ ပို့ဆောင်နိုင်ရေး စနစ်တကျပြင်ဆင်ထုတ်ပိုးနေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ်သို့ ပို့ဆောင်မည့် အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစွည်းများအား ပြင်ဆင်ထုတ်ပိုးနေမှုတို့ကို လိုက်လံကြည့်ရှု၍ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့ ပြည်နယ်မှလည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် မှာကြားကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)