မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သထုံမြို့ အမှတ် (၉) စစ်အခြေခံလေ့ကျင့်ရေးတပ်၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် မေ ၃၀

မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၂၉) ရက်နေ့ နံနက်ပိုင်းက သထုံမြို့နယ်၊ အမှတ် (၉) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဌေးလွင်ဦး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ရေးမှူး ဦးဥာဏ်လင်းထွေး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ် (၉) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ အရာရှိအရာခံများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့် ၄င်းတို့၏ မိဘဆွေမျိုးမောင်နှမများ တက်ရောက်သည်။

ရှေးဦးစွာ အမှတ် (၉) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ တပ်မှူး ဗိုလ်မှူးကြီး စိုးလင်းထွန်းမှ သင်တန်းသားများ၏ အလေးပြုခြင်းကို ခံယူပြီး သင်တန်းဆင်းတပ်ဖွဲ့အား လှည့်လည်စစ်ဆေးခြင်း ပြုလုပ်၍ သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားများအား ဆုများ ပေးအပ်ခြင်းနှင့် သင်တန်းသားများမှ ကတိသစ္စာခံယူကာ တပ်မှူး ဗိုလ်မှူးကြီး စိုးလင်းထွန်းမှ သင်တန်းဆင်းမိန့်ခွန်းပြောကြား၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃) သင်တန်းဆင်းသင်တန်းသားများမှ စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံအားပေး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)