ဗန်းမော် ဇန်နဝါရီ ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးကို ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ယနေ့ နံနက် ၁၁ နာရီခန့်က နေအိမ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်ရာ၌ အသက် (၁၀၀)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများအား တစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေကျပ် (၃၀၀၀၀)နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဒုတိယလှိုင်း(Second Wave) ကာလ အတွင်း အရေးပေါ်တုန့်ပြန် ဆောင်ရွက်မှုအနေဖြင့် ထပ်ဆောင်း ထောက်ပံ့ငွေ (၃ဝဝဝဝ)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၆၀၀၀၀)ကျပ်တို့ကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဝန်ထမ်းများတို့က ဗန်းမော်မြို့ပေါ်ရပ်ကွက်ရှိ အသက် (၁၀၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို များအား နေအိမ်အရောက် အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဗန်းမော်ခရိုင်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ဗန်းမော်မြို့နယ်တွင် (၈)ဦး၊ မိုးမောက် မြို့နယ်တွင်(၉)ဦး၊ မံစီမြို့နယ်တွင်(၆)ဦးနှင့် ရွှေကူမြို့နယ်တွင်(၆)ဦး စုစုပေါင်း (၂၉)ဦးတို့အား ဗန်းမော်ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ပူးပေါင်း၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း ထံမှ သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)