ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၆−၂၀၂၇ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း        မေ          ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ “နိုင်ငံတော် စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးတက်ဖို့ ကျေောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်ပညာရေးမှူးရုံးမှဦးဆောင်၍ ၂၀၂၆−၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၈၈)ရပ်ကွက်ရှိ အမှတ်(၁) အခြေခ ပညာအထက် တန်းကျောင်းတွင်ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဖြိုးသူမောင်က အဖွင့်အမှာ စကားပြော ကြားခဲ့ပြီး ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူး ဦးငွေသူရက ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး၊ ယခင်နှစ်များထက်ယခု ၂၀၂၆−၂၀၂၇ပညာသင်နှစ်တွင် ကျောင်းအပ်နှံမှုနှုန်း မြင့်မားရေး အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ပညာရေးဝန်ထမ်းများ၊ စေတနာရှင်မိဘပြည်သူများက ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက် ကြရန်လို ကြောင်း၊ ယခုပညာသင်နှစ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ပြင်ပရောက်ရှိနေသော မူလတန်းအဆင့် (Grade-2 မှ Grade-5) အလယ်တန်းအဆင့် (Grade-6မှ Grade-9) ကျောင်းနေအရွယ်ကလေးများ အသက်အရွယ်အရ သတ်မှတ်ထားသည့်အတန်းများသို့ ဝင်ရောက်ပညာသင်ကြားနိုင်ရေး  Placement  Test (အထူးအစီအစဉ်)ဖြေဆိုရန် ဆောင်ရွက် ထားရှိကြောင်း စသည့်ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရန်နိုင်ဦးကမုဒိတာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ သုံးထပ်ကွမ်းလူရည်ချွန် မောင်ဝေယံဖြိုးနှင့် မောင်ကောင်းပိုင်ခန့်တို့အား မြို့နယ်ပညာရေးမိသားစုများနှင့် အလှူရှင်များက ဂုဏ်ပြုဆုနှင့်ချီးမြှင့်ငွေများ အသီးသီးချီးမြှင့်ပေးခဲ့ပြီး မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ဖြစ်မြောက်ရေးနှင့် မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ အတွက်အလှူရှင်များက ဗလာ စာအုပ်များ၊ ကျောင်းသုံးပစ္စည်းများနှင့် အလှူငွေများ အသီးသီးလှူဒါန်းခဲ့ကြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၀)ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းပေါင်း(၉)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းပေါင်း(၁၂)ကျောင်း စုစုပေါင်း(၄၁) ကျောင်းတွင်မေလ (၂၅)ရက်နေ့မှစ၍ (၃၁)ရက်နေ့ထိ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)