ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့ စဉ့်ကိုင်မြို့နယ်သို့ (အခမဲ့) နယ်လှည့် ကွင်းဆင်းကုသ

စဉ့်ကိုင် မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြည်သူ့ဆေးရုံကြီးမှ ပြည်သူ့ကျန်းမာရေးနှင့်ကုသ‌ရေးဦးစီးဌာနမှူး ဒေါက်တာဇင်ဇင်သန်း‌‌ဝေ ဦးဆောင်သော အထူးကုဆရာဝန်ကြီး(၁၀)ဦးနှင့်အဖွဲ့သည် စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်ဦးဆောင်သောအဖွဲ့နှင့် ပူးပေါင်းကာ ရက် ၁၀၀ စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်ကစတင်၍ ‌ဒေါင်းကျကျေးလက်ကျန်းမာရေးဌာနကိုအခြေပြု၍ ဒေသအတွင်းရှိရဟန်း၊ရှင်လူ၊ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသပေးခြင်းလုပ်ငန်းများ ဆောင်‌ရွက်‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးရာတွင် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သားဖွား/မီးယပ်အထူးကုဆရာဝန်ကြီး၊ အရိုးနှင့်အကြောအထူးကု ဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းရောဂါအထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီးများက အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၂၂၈ ဦး၊ စုစုပေါင်း ၃၆၀ ဦးအား သက်ဆိုင်ရာကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောင့်မှုများ ဆောင်ရွက်ပေးခဲ့သည်။

နယ်လှည့်ကွင်းဆင်းဆောင်ရွက် ကုသပေးနေမှုအား စဉ့်ကိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ၊ ကျောက်ဆည်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇင်ဇင်သန်းဝေနှင့်တာဝန်ရှိသူများ၊ စဉ့်ကိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်‌အောင်မောင်မောင်နှင့်အဖွဲ့ဝင်များ၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ဆေးရုံမှ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)