ရေး မေ ၂၉
မွန်ပြည်နယ်၊ရေးမြို့နယ်တွင်အစိုးရသစ်၏ရက်(၁၀၀)စီမံချက်ကာလအတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြင်းကောင်ရေ(၂၀)ထက် မပိုသောစက်တပ်ရေယာဉ် ငယ်များမှတ်ပုံ တင်လက်မှတ်ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းကအဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်ရေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ(ခေတ္တ) ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က မြင်းကောင်ရေ(၂၀)ထက်မပိုသောစက်တပ်ရေယာဉ်ငယ် မှတ်ပုံတင် လက်မှတ်ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ ရေယာဉ်လုပ်ငန်း လုပ်ကိုင်သူများ၊ ရေယာဉ်လုပ်သားများအနေဖြင့် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်းနှင့်ရေယာဉ် ဆိုက်ကပ်သည့်နေရာများ စနစ်တကျရှိရေး၊ ရေကြောင်းဆိုင်ရာ စည်းကမ်းများ ကိုလိုက်နာခြင်းဖြင့်ရေယာဉ် မတော်တဆမှုများ လျော့နည်းပပျောက်စေရေးအတွက်စနစ်တကျ ဂရုပြုလိုက်နာကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်တာဝန်ရှိသူများက မြင်းကောင်ရေ(၂၀)ထက်မပိုသော စက်တပ်ရေယာဉ်ငယ်မှတ်ပုံတင် လက်မှတ် ၃၅၈ ခုကို စက်တပ်ရေယာဉ်ပိုင်ရှင် တစ်ဦးချင်းအလိုက် ထုတ်ပေးခဲ့ကြောင်း သိရသည်။
ရှင်းသန့်ဖြူ