သပိတ်ကျင်း မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သပိတ်ကျင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝါးဖြူတောင်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက "ကျောင်းအပ်နှံစို့"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့နောက် သပိတ်ကျင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးနိုင်အေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ဝင်း၊ ခရိုင်ပညာရေးမှူး ဒေါ်တင်မာဆွေနှင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသည့် အထက်တန်း၊အလယ်တန်းနှင့် မူလတန်းအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများကို ကျောင်းသား/ကျောင်းသူများထံသို့ အသီးသီးပေးအပ်ခဲ့ကြသည်။
ပညာရေးဝန်ကြီးဌာနက အသိပညာအတတ်ပညာနှင့်ပြည့်စုံသောပညာတတ်များပေါများရေး၊ ကလေးတိုင်းပညာသင်ယူခွင့်ရရှိရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိရေး၊ အခြေခံပညာကျောင်းများ အရည်အသွေးတိုးတက်မြင့်မားလာစေးရေးတို့အတွက် အဘက်ဘက်ကဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိရာ သပိတ်ကျင်းမြို့နယ်တွင်လည်း ပညာရေးဌာန၊ ကျောင်းသားမိဘများနှင့် ကျောင်းသားများ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်ပြန်ဆက်