တာချီလိတ်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ

တာချီလိတ် မေ ၃၀

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ လားဟူဈေးအနီးရှိ မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပြုလုပ်သည်။

‎ ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ ခရိုင်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှ‌ဌေးနှင့် တာဝန်ရှိသူများက ECCD (Early Child Care Development) အခြေခံသင်တန်းဆင်းလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ တေးသီချင်းများ၊ သရုပ်ဖော်ပြဇာတ်များဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ) သင်တန်းကို မေလ ၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး တာချီလိတ်မြို့နယ် အတွင်းမှ သင်တန်းသူ ၃၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)