ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

ဒဂုံမြောက် မေ ၃၀

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၅ ရက်နေ့မှ မေ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရှိပြီး မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားများကို နိုင်ငံအဝန်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကျောင်းအပ်နှံရေးအခမ်းအနားကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း  တော်ဝင်သ‌ဇင်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက “ကျောင်းသွားကြစို့”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်‌ဝေက မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှအခမဲ့ပေးသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံများနှင့်အားကစားပစ္စည်းများကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဝေ၊ ဒဂုံမြို့သစ်ခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦး ကျော်ကျော်သန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများထံသို့ အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ လွှတ်‌တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းအပ်နှံရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)