ဝမ်းတွင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဝမ်းတွင်း မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း) ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(သဲတော) ကျောင်းသား/သူများမှ တိုင်းနိုင်ငံအားလုံး ကျောင်းအပ်ကြစို့ကွယ် တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာခရိုင် ပညာရေးမှူး ဒေါ်မော်မော်က ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်အဆင့် လူရည်ချွန်ဆုရရှိခဲ့သော ကျောင်းသူ မအေးရွှန်းလဲ့မောင်အား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။ ယင်းနောက် နိုင်ငံတော်မှ အခမဲ့ထုတ်ပေးသော ကျောင်းသုံးပုံနှိပ်ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများကို တာဝန်ရှိသူအသီးသီးမှ ကျောင်းသား/သူများအား ပေးအပ်ခဲ့ပြီး မြို့နယ်အဆင့် ပညာတန်ဆောင်စာပေပြိုင်ပွဲဆုရရှိသော ကျောင်းသား/သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ အ.ထ.က(ဝမ်းတွင်း) ကျောင်းသား/သူလေးများက ဇာတိမာန်တေးသီးချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်သိန်း၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားသူများ တက်ရောက်သည်။

ဌေးလှိုင်(ဝမ်းတွင်း)