ပင်လောင်း ဇန်နဝါရီ ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အထိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်း က ပြုလုပ်သည်။
အခမ်းအနားတွင် တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ကိုယ်စား လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ဦး က မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကြောင်းနှင့် ပတ်သက်၍ ပြောကြားပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်း က ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများအား အဓိကသုံးသပ်ဆွေးနွေးရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးရမည့် အကြံပြုချက်များဖြစ်သည့် စီမံကိန်း ကျေးရွာ ရွေးချယ်ခြင်းနှင့် ရန်ပုံငွေထုတ်ချေးခြင်းမှ အကြံပြုချက် ငါးခု၊ စီမံကိန်းရန်ပုံငွေများ ဆုံးရှုံးမှုမဖြစ်ပေါ် စေရေးနှင့် သက်တမ်းတိုး ဆောင်ရွက်မည့်ကိစ္စရပ်များမှ အကြံပြုချက် လေးခု၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းမှ အကြံပြုချက် လေးခုအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းများမှ ကျေးရွာကိုယ်စားလှယ်များက သုံးသပ်ဆွေးနွေးအကြံပြုခဲ့ကြပြီး တာဝန်ရှိသူများက သုံးသပ် ဆွေးနွေးချက်များအပေါ် ပြည်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)