ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၆-၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

 ပုဗ္ဗသီရိ         မေ    ၃၀

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၏ ၂ဝ၂၆-၂၇ ၊ ပညာသင်နှစ် ကျောင်းအပ်နှံရေး‌နေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ ဇေယျာသီရိခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောနိုင်၊ ဇေယျာသီရိခရိုင်ပညာရေးမှူး ဦးရဲသူရခင်စိုး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ‌က “ကျောင်းအပ်ကြစို့” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး ဇေယျာသီရိခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောနိုင်က အမှာစကား ပြောကြားရာတွင် ပညာသင်ကြားခြင်းသည် ကလေးများ၏ အနာဂတ်အတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သည့်အတွက် ကလေးများပညာရေးဆုံးရှုံးမှု မဖြစ်စေရန် အထူးသတိပြုရမည် ဖြစ်ကြောင်း၊ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”ဆိုသည့် ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ပုဒ်ကို အလေးအနက်ထားပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ပညာရေးဝန်ထမ်းများ၊ မိဘပြည်သူများ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်နှင့်တာဝန်ရှိသူများက အခမဲ့ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြပြီး အခမ်းအနားကို  ကျောင်းသား၊ ကျောင်းသူများ‌က ဇာတိမာန်သီချင်း သီဆို၍ ရုတ်သိမ်းခဲ့ကာ အခမ်းအနအပြီးတွင် တာဝန်ရှိသူများက ကျောင်းအပ်စတင်လက်ခံ‌နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)