မိုင်းပျဉ်းမြို့၌ မြို့နယ်အဆင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မိုင်းပျဉ်း မေ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မြို့နယ်အဆင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဦးစွာအခမ်းအနားကို အထက-မိုင်းပျဉ်း၊ ကျောင်းသား၊ကျောင်းသူများက “ကျောင်းအပ်နှံရေးနေ့” သီချင်းဖြင့် သီ‌ဆို၍ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က အဖွင့်အမှာစကား‌ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းက ကျောင်းအပ်နှံရေးနေ့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံနှင့် မြို့နယ်ပညာရေးအတွက်ရရှိသော FIFAGR CLB ဘောလုံးတို့အား တာဝန်ရှိသူများကပေးအပ်ကြပြီး  ထက်၊ လယ်၊ မူကျောင်းအုပ်များမှ အသီးသီးလက်ခံရယူခဲ့ကြသည်။ ယင်းနောက် အထက(ခွဲ)၊ မိုင်းပျဉ်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ပညာရေးဖြင့်ခေတ်မီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်တောက်အံ့” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုပိတ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုး တော်ဆောင်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာတက်ရောက်ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)