ကျောက်မဲ မေ ၃၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရာသီဥတုပြောင်းလဲမှု၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့ ဗဟိုဈေးကြီးအတွင်းနှင့် ဈေးပတ်လည်ရှိ လမ်းမများ၌ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိန်မောင်ဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်ထွန်း တို့က ဦးဆောင်၍ပတ်ထိန်း၊ စည်ပင်၊ မီးသတ်၊ ထွေအုပ်နှင့် ပြန်/ဆက် ဝန်ထမ်းများ ပူးပေါင်းကာ ဈေးသူဈေးသားများနှင့် လမ်းသွားလမ်းလာ ပြည်သူများထံသို့ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနထုတ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လက်ကမ်းစာစောင် ၅၀၀ စောင်နှင့် မီးသတ်ဦးစီးဌာနထုတ် မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင် ၂၀၀ စောင်တို့ကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။
၎င်းလက်ကမ်းစာစောင်များတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် (Climate Change)၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သိကောင်းစရာများနှင့်အတူ မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များနှင့် မီးသတ်ဆေးဘူးစနစ်တကျ အသုံးပြုနည်း များအကျဉ်းချုပ် ဖော်ပြထားသည်။ အလားတူ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနအနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲများနှင့် သစ်ပင်စိုက်ပျိုးပွဲများကိုလည်း ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)