ခရမ်း မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသော မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရ (၁)ရပ်ကွက်အသင်းအား ဆုဖလားနှင့် ငွေသားဆု (၅)သိန်း၊ ဒုတိယဆုရ (၂)ရပ်ကွက်အသင်းအား ဆုဖလားနှင့် ငွေသားဆု (၃)သိန်း၊ တတိယဆုရ (၁၀)ရပ်ကွက်အသင်းအား ဆုဖလားနှင့် ငွေသားဆု (၂)သိန်းတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲနှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အသင်း(၈)သင်း ပါ၀င်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို မေလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပိုက်ကျော်ခြင်းအားကစားကို စိတ်ပါဝင်စားသူပြည်သူများက လာရောက်ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။
ခင်နှင်းဝေ