မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်သီတာဆွေ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် မေ ၂၉

မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယကက မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် အမျိုးသမီးများ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဦးတည်ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်၊ ပြည်နယ်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်ရန်၊ အမျိုးသမီးများ၏ဘဝ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရန်၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားလေးစားရန်၊ အကြမ်းဖက်ခံရမှုနှင့် လူကုန်ကူးခံရမှုများ လျော့နည်းပပျောက်ရန်တို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနဲ့ အခြားသောလူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် အဆင့်ဆင့်မှ အဖွဲ့ဝင်များအားလုံးအနေဖြင့် တက်ညီလက်ညီဆတက်ထမ်းပိုး အောင်မြင်စွာ ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်ချက် Video Clip အား ပြသခဲ့သည်။

ယင်းနောက် မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ ၂၀၂၅ ခုနှစ် လှုပ်ရှားဆောင်ရွက်ချက် များအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အိနန္ဒာဝင်းမှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများမှ မေလ၊ ဇွန်လနှင့် ဇူလိုင်လအတွင်း ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်သီတာဆွေက ခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများအား အမျိုးသမီးရေးရာအဖွဲ့ဝတ်စုံ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)