ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့် ပုံစံရှင်းလင်းခြင်းသင်တန်းဖွင့်ပွဲနှင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆) တက်ရောက်

စစ်တွေ မေ ၂၉

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အောက်မှာရှိသည့် ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီက ကြီးမှူးကျင်းပသည့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံ ရှင်းလင်းခြင်း သင်တန်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်ခဲ့လျှင် သက်ဆိုင်ရာဌာနများ နှင့်ချိတ်ဆက်ပြီး ပျက်စီးဆုံးရှုံးမှုစာရင်း အချက်အလက်များ စုစည်းရရှိနိုင်ရေးနှင့် ပြန်လည်စိစစ်မှုများ ဆောင်ရွက်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (NDMC) သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာခဲ့ပါက ကနဦးစာရင်း အချက်အလက်များကို မှန်မှန်နှင့် မြန်မြန်ရရှိနိုင်ရေး လိုအပ်ကြောင်း၊ ထိုသို့ ရရှိနိုင်ရန် စာရင်းပြုစုသူများက စနစ်တကျဖြင့် မှန်ကန်စွာ ဖြည့်သွင်းထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အသီးသီးက ပျက်စီးဆုံးရှုံးမှုစာရင်းများ ပြုစုမည့်အရာထမ်း၊ အမှုထမ်းများအနေဖြင့် မှန်ကန်စွာဖြည့်သွင်း နိုင်စေရန်နှင့် စာရင်းကောက်ယူမှုပုံစံကို ရှင်းလင်းစွာ နားလည်ထားရန် လိုအပ်သည့် အတွက်ကြောင့် ယနေ့သင်တန်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ကနဦးသိရှိရမည်ဆိုလျှင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ် ချက်များကို ပံ့ပိုးပေးရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုတက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယနေ့သင်တန်းမှာ နားလည်သဘောပေါက်အောင် ဂရုတစိုက်နားထောင်ပြီး မရှင်းလင်းသည်များကို ပြန်လည်ဆွေးနွေးပေးကြရန်နှင့် မိမိတို့ ဌာနများတွင် ဆင့်ပွား သင်တန်း ပြန်လည်သင်ကြားပေးနိုင်ရေး ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ယင်းနောက် ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့ ပြည်နယ်တာဝန်ခံက စာရင်းကောက်ယူမှုပုံစံတွင် ပါဝင်သည့် အပိုင်းများအား ကဏ္ဍအလိုက် တာဝန်ယူရမည့်ဌာနများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရန် အဓိကမောင်းနှင်အားဖြစ်သည့် ပြည်သူ လူထုနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် ပရဟိတအဖွဲ့များ၏ စွမ်းရည်ပြည့်ဝရေးကိုလည်း အလေးထားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အောက်ရှိ လုပ်ငန်းကော်မတီများအလိုက် သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အစီအမံများ၊ လူ့စွမ်းအား အရင်းအမြစ်များ၊ စားရေရိက္ခာများ၊ ယာဉ်ယန္တရားနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ၊ ကြိုတင်သတိပေးစနစ်များ၊ လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍအသီးသီးတွင် လိုအပ်ချက်များကို ပကတိအခြေအနေအတိုင်း တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုအဖွဲ့ လုပ်ငန်းကော်မတီအသီးသီးမှ အတွင်းရေးမှူးများက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။  ယင်းနောက် စစ်တွေခရိုင်နှင့် Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည့် ကျောက်ဖြူခရိုင်နှင့် မာန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် မေလ ၂၈ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် သိုလှောင်ရုံနှင့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန သိုလှောင်ရုံများအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သိုလှောင်ရုံသို့သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သိုလှောင်ရုံများအတွင်း ပစ္စည်းများ သိုလှောင်ထားရှိမှုအား လိုက်လံရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သိုလှောင်ထားသော ပစ္စည်းများအား စနစ်တကျ ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ စစ်တွေသင်္ဘောကျင်းသို့ သွားရောက်ကြပြီး သိုလှောင်ရုံများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဆိပ်ကမ်းတွင် အမြန်ရေယာဉ်များအား ထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

တင်ထွန်း (ပြန်/ဆက်)