တောင်ကြီး မေ ၂၉
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ်(၁/၂၀၂၆)အား ထပ်ဆင့်ရှင်းလင်းခြင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်ခင်ထွေးရီက ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေးအတွက် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ စစ်ဆေးခြင်း၊ အစီရင်ခံတင်ပြခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပိုမိုတိုးတက်စေရန် ထိန်းကျောင်းမှုပေးသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ဌာနအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များသည် ပြည်သူများအကျိုးရှိပြီး ထိရောက်အောင်မြင်မှု ရှိ/မရှိ၊ စွမ်းဆောင်ရည် ပြည့်ဝစွာ စီမံဆောင်ရွက်နိုင်မှု ရှိ/မရှိ၊ ဘဏ္ဍာရေးစည်းများစည်းကမ်းများနှင့် ညီညွတ်မှု ရှိ/မရှိ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်၊ ညွှန်ကြားချက်များကို လိုက်နာမှု ရှိ/မရှိ၊ ခြိုးခြံခြွေတာမှု ရှိ/မရှိ၊ အကဲဖြတ်စစ်ဆေးစိစစ်ပြီး အရည်အသွေးကောင်းမွန်သော စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများ ထုတ်ပြန်နိုင်ရေး ရိုးသားစွာ၊ ဓမ္မဓိဋ္ဌာန်ကျစွာ ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ဒေသစာရင်းစစ်ရုံးများ အနေနဲ့စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ နိုင်ငံတကာစာရင်းစစ်စံနှုန်းနှင့်အညီ လွတ်လပ်မှုနှင့်ပညာရပ်ဆိုင်ရာ ကျင့်ဝတ်များအား ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အစိုးရ၏ ပထမရက် ၁၀၀ ကာလတွင် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်ပါ စစ်ဆေးဆောင်ရွက်မည့် နယ်ပယ်များ၊ ပုံမှန်စစ်ဆေးရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း(Real Time Audit)တို့ကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်နှင့် ညွှန်ကြားရေးမှူးတို့က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှချီးမြှင့်သည့် လုပ်ငန်းခွင်စွမ်းဆောင်ရည် အကောင်းဆုံးဆုရရှိကြသူများအား ဆုချီးမြှင့်ခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ လှူဒါန်းသည့် ဘုရားဆင်းတုတော်များအား ခရိုင်/မြို့နယ်များသို့ မဲဖောက်၍ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်စာရင်းစစ်ရုံးများမှ တင်ပြဆွေးနွေးမှုများအပေါ် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်မှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)