တာမွေမြို့နယ်တွင် လျှပ်စစ်ဓာတ်အားများ လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် အထူးအလေးထားဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားစနစ် ပိုမို ကောင်းမွန်တည်ငြိမ်မှုရှိပြီး ဗို့အား ပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှု အပေါ် လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ် လျှပ်စစ်ဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ လေးထောင့် ကန်လမ်းမကြီး တစ်လျှောက် 33KVA ဓာတ်အား လိုင်းအသစ် သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ယခုလို မြို့နယ်လျှပ်စစ်ဌာနမှ ဆောင်ရွက်ပေးနေမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးကလည်း "မြို့နယ် လျှပ်စစ်ဌာနက တာဝန်ရှိသူ တွေ အနေနဲ့ မြို့နယ်မှာနေထိုင်လျက်ရှိတဲ့ ကျွန်မတို့ ပြည်သူတွေ လျှပ်စစ် ဓာတ်အားများ လုံလုံလောက်လောက် ရရှိသုံးစွဲနိုင်စေရေး အတွက် ဓာတ်အားလိုင်းတွေ အသစ်တိုးချဲ့ ဖြန့်ဖြူး ပေးတာဟာ မြို့နယ်အတွက် အရမ်းကောင်းမွန်တဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဖြစ်ပါတယ်။ ဒီလျှပ်စစ် ဓာတ်အားလိုင်းအသစ် သွယ်တန်းခြင်းလုပ်ငန်း ပြီးစီးသွားပါက ကျွန်မတို့ တာမွေမြို့နယ်အတွင်းရှိ ပြည်သူ တွေ အနေနဲ့ ယခင်ကထက် လျှပ်စစ်ဓာတ်အားတွေ ပိုမိုသုံးစွဲခွင့် ရနိုင်တော့မှာဖြစ်တဲ့အတွက် ရပ်ကွက်နေပြည်သူများ ကိုယ်စား ကျေးဇူး အထူးတင်ရှိပါတယ်" ဟု ပြောကြားသွားကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)