တာမွေမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

တာမွေ မေ ၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုနှင့် တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတို့ ပူးပေါင်း၍ ရက် (၁၀၀) စီမံချက်ဖြင့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးခင်မောင်ထွန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် မှုခင်းကျဆင်းရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်နေသည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် လိမ်လည်မှုအမျိုးမျိုး ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ အရေးယူဆောင်ရွက်နေသည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ လိမ်လည်ခြင်းမခံရအောင် ကြိုတင်ကာကွယ်နိုင်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် ပတ်သက်၍ မူးယစ်ဆေးဖြတ်သင်တန်းသားများအား အကျယ်တဝင့် အသိပညာပေးရှင်းလင်း‌ဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း (မြန်မာ) ဗဟိုအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လုပ်ငန်းစီမံချက်များနှင့်အညီ မိဘအုပ်ထိန်းသူများ၏ အပ်နှံမှုဖြင့် အသင်းရုံးရှိ မေတ္တာစံအိမ်တွင် မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှုခံယူနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားစေရန်တို့အတွက် ရည်ရွယ်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်း‌အောင်