ရန်ကုန်တိုင်းဒေသကြီး၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲများ ကျင်းပ

တာမွေ မေ ၂၉

ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် (၂၉) ကြိမ်မြောက် ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် (၂၉) ကြိမ်မြောက် ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/သူ (၉၀) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၈၅) ဦး၊ မူလတန်းအဆင့် ကျောင်းသား/သူ (၃၀၃) ဦးနှင့် ဝါသနာရှင်အလွတ်တန်းအဆင့်ပြိုင်ပွဲဝင် (၁၈) ဦး စုစုပေါင်းပြိုင်ပွဲဝင် (၆၉၆) ဦး စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်ပြီး မွန်းလွဲပိုင်းအချိန်တွင် (၂၉) ကြိမ်မြောက် ကာတွန်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား /သူ (၃၆) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၀၈) ဦး၊ မူလတန်းအဆင့် ကျောင်းသား/သူ (၁၃၀) ဦးနှင့် ဝါသနာရှင်အလွတ်တန်းအဆင့်ပြိုင်ပွဲဝင် (၂၁) ဦး စုစုပေါင်းပြိုင်ပွဲဝင် (၂၉၅) ဦး အားပါးတရဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် (၂၉) ကြိမ်မြောက် ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်များ ဝင်ရောက်ယှဉ်ပြိုင်နေမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် (၂၉) ကြိမ်မြောက် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ မေလ (၂၉) ရက်နေ့နံနက်ပိုင်းအချိန်တွင် ရန်ကုန်မြို့ တက္ကသိုလ်များ လှိုင်နယ်မြေရှိ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (ရန်ကုန်) ၌လည်းကောင်း၊ ပိုစတာပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ရန်ကုန်မြို့ လသာမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်နှင့် ဝါသနာရှင်အဆင့် (အလွတ်တန်း) စသည်ဖြင့် အဆင့်အုပ်စုများ သတ်မှတ်၍ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်