လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် မေ ၂၉

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (လယ်ဝေးမြို့နယ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေး ပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး (သုတေသတ) ဒေါ်ဆွေဆွေ၊ တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာသဇင်မြင့်နှင့် အသင်းဝင်များသင်တန်းသား သင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး(သုတေသန) ဒေါ်ဆွေဆွေက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ပြည်သူလူထုအနေဖြင့် တိုင်းရင်းဆေးပညာရပ် ဆိုင်ရာ အခြေခံအသိများ ရရှိနိုင်စေရန်၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်၊ မိမိတို့ပတ်ဝန်းကျင်ရှိ အပင်များနှင့် မီးဖိုချောင်သုံးပစ္စည်း များ၏ ဆေးဖက်ဝင်ပုံများကို သိရှိနားလည်စေရန်နှင့် မိသားစုကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်စေရန် စသည့် ရည်ရွယ်ချက်သုံးရပ်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ လယ်ဝေးမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ သဇင်မြင့်က သင်တန်းတက်ရောက်ရခြင်း၏ အကျိုး ကျေးဇူးများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

အဆိုပါ အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၃၂ ဦး တက်ရောက်ခဲ့ပြီး မြန်မာ့တိုင်းရင်းဆေးပညာသမိုင်း၊ တိုင်းရင်းဆေးပညာအခြေခံ သဘောတရားများ၊ နွေမိုးဆောင်း ဥတုသုံးပါးတွင် ဖြစ်တတ်သောရောဂါငယ်များနှင့် မြန်မာ့တိုင်းရင်း ဆေးပညာကဏ္ဍ၊ တိုင်းရင်းဆေးကုဌာနသုံး ဆေးဖုံများအကြောင်း သိကောင်းစရာ၊ မီးဖိုချောင်သုံး ဆေးဖက်ဝင်ပစ္စည်းများအသုံးပြုပုံ၊ မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်အပင်များ အသုံးပြုပုံ၊ တိုင်းရင်းဆေးပညာဖြင့် ဆောင်ရန်ရှောင်ရန် သတိပြုရန် နည်းလမ်းများ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ စသည့် ဘာသာရပ်များအား သင်တန်းနည်းပြများက မေ ၂၅ ရက်မှ ၂၇ ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)