ဆီဆိုင် မေ ၂၉
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှု ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ကျောင်းဆောင်သစ်အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်းနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမှတ်တရသစ်ပင်များစိုက်ပျိုးခဲ့ကြသည်။ ထို့နောက် ဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး နိပွန်ဖောင်ဒေးရှင်း (စေတ နာ)အဖွဲ့ ဒေသဆိုင်ရာ စီမံကိန်းတာဝန်ခံတစ်ဦးမှ ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့ တာဝန်ရှိသူမှ မြို့နယ်ပညာရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ကာ ဒေသခံများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ကုန်းသာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်အား စေတနာအဖွဲ့၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်းစီမံကိန်းဖြင့် အလျား ၆၀ ပေ၊ အနံ ၃၀ပေရှိ အုတ်ညှပ် တစ်ထပ်ကျောင်းဆောင်၊ အလူဇင့်သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း၊ (၃)ခန်းတွဲ၊ ရေလှောင်ကန်(၂)လုံး၊ အလံတိုင်(၁)တိုင်၊ ဆရာ/ဆရာမ စားပွဲ/ထိုင်ခုံ(၃)စုံ၊ ကျောင်းသား၊ ကျောင်းသူ စာရေးစားပွဲ/ထိုင်ခုံ(၂၄)စုံနှင့် White Board(၃)ချပ်တို့ဖြစ်ပြီး နိပွန်ဖောင် ဒေးရှင်း (စေတနာ)အဖွဲ့မှ ပံ့ပိုးငွေကျပ်(၉၈၉၃၈၉၉၂)ဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင်ကျေးရွာ၌ မေလ ၂၁ ရက်နေ့က မိုးကြိုးစက်ကွင်း ထိမှန်၍ သေဆုံးခဲ့သည့် နွားကောင်ရေ (၅၀)၏ ပိုင်ရှင်များအား တွေ့ဆုံ၍ ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များအသင်းမှ ထောက်ပံ့သော နွားကောင်ရေ တစ်ကောင်လျှင် ငွေကျပ်(၇)သိန်းနှုန်းဖြင့် နွားကောင်ရေ (၅၀)အတွက် စုစုပေါင်း ငွေကျပ် သိန်း(၃၅၀) အား နွားပိုင်ရှင်များထံသို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)