မိုးညှင်၌ ငါးကြင်းဖြူနှင့် ပုဇွန်များအား သက်သာသော နှုန်းထားဖြင့် (တတိယအကြိမ်) ဖြန့်ဖြူးရောင်းချပေး

မိုးညှင်း ဇန်နဝါရီ ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် သမဝါယမ ဦးစီးဌာနနှင့် ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား ဈေးနှုန်းသက်သက်သာစွာဖြင့် ငါးကြင်းဖြူနှင့် ပုဇွန်များအား ဝယ်ယူစားသုံး နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း ၁၁ နာရီတွင် မြို့နယ်သမဝါယမ ဦးစီးဌာနရုံး၌ (တတိယအကြိမ်) ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ဒေသခံပြည်သူများ လွယ်လင့်တကူနှင့် ဈေးနှုန်း သက်သက်သာသာဖြင့် ငါး၊ ပုဇွန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ယခုအကြိမ်သည် (တတိယအကြိမ်) ဖြန့်ဖြူးရောင်းချပေးခြင်း ဖြစ်ကြောင်း မြို့နယ်သမဝါယမ ဦးစီးမှူး ဒေါ်သွယ်သွယ်ထိုက် က ပြောကြားသည်။

မြို့နယ် သမဝါယမ ဦးစီးဌာနအနေဖြင့် ယခုလို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ဒေသခံ ပြည်သူများ လွယ်လင့်တကူနှင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယခုလိုငါး၊ ပုဇွန်များ ရောင်းချ ပေးနေသလို ယခင်ကလည်း မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ကြက်သွန်နီများ မုန်လာထုပ်များကိုလည်း ဒေသခံပြည်သူများထံ ဖြန့်ဖြူးရောင်းချ ပေးခဲ့ကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ သိရသည်။

ယနေ့တတိယအကြိမ် ရောင်းချပေးမှုအနေဖြင့် ငါးကြင်းဖြူ ပိဿာချိန်(၅၀)နှင့် ပုဇွန်ပိဿာချိန် ၂၀ တို့ကို ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို သက်သာသော နှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်ထွေး(ပြန်/ဆက်)