မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်၊ ပြည်နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားနှင့် မော်လမြိုင်မြို့၊ ရွှေနတ်တောင် ရေလှောင်တမံ၊ ရေသန့်စင်စက်ရုံ ကြည့်ရှုစစ်ဆေး

မော်လမြိုင် မေ ၂၈

မွန်ပြည်နယ် ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာ အထက်တန်း ကျောင်း၊ ရာတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများက “‌ကျောင်းဖွင့်ပြီ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိသည့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအားလုံး၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၅)ရက်နေ့မှ မေလ (၃၁) ရက်နေ့ အထိ သတ်မှတ်ထားကြောင်း၊ ကျောင်းအပ်နှံရေးနေ့ ပြီးဆုံးသည့်နောက်ပိုင်းမှာလည်း ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေမြဲရေးနှင့် အခြေခံပညာ ဆုံးခန်းတိုင်ပြီးမြောက်အောင် သင်ယူနိုင်ရန်အတွက် ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ် ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က ကျောင်းအပ်နှံမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက "စာသင်ကျောင်းက ခေါင်းလောင်းသံ" တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ဖြန့်ဝေထားသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများ၊ ကျောင်းဝတ်စုံများအား ပေးအပ်ခဲ့ကြကာ မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအတွက် ရေဘူးများ ပေးအပ်ခဲ့မှုတို့အား လည်းကောင်း၊ အလှူရှင်များနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အလှူငွေများ၊ ကျောပိုးအိတ်၊ ထီး၊ဆွဲခြင်းနှင့်  မိုးကာများ ပေးအပ်ခဲ့မှုတို့အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက "အနာဂတ်လူရည်ချွန်" သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေတို့အား ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း မြို့နေလူထုသောက်သုံးရေနှင့် လယ်မြေဧကများကို စိုက်ပျိုးရေပေးဝေရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရွှေနတ်တောင်ရေလှောင်တမံသို့ ရောက်ရှိခဲ့ပြီး စီမံကိန်းရှင်းလင်းဆောင်တွင် ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ရေလှောင်တမံဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ရေလှောင်တမံမှ အဆင့်ဆင့် ရေသန့်စင်ဆောင်ရွက်လည်ပတ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများရေပေးဝေမှု မပြတ်ရရှိနိုင်ရေးအတွက် ဆည်၊ ရေလှောင်ကန်များတွင် ဆိုလာတွဲဖက်သုံးစနစ်များ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

တပ်မတော်(ရေ)၊ ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း၊ အမှတ်စဉ် (၁/၂၀၂၆) (မော်လမြိုင်စခန်း)မှ သင်တန်းသား/ သင်တန်းသူများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မောရဝတီရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက် အမှတ်(၄၆) စစ်ရေယာဉ်စု၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား/ သင်တန်းသူများ အနေဖြင့် တပ်မတော်(ရေ)မှ အရာရှိ/ စစ်သည်များ သင်ကြားရသည့်ဘာသာရပ်များဖြစ်သည့် ရေကူးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ ရေတပ်သားဘာသာရပ်၊ အချက်ပြဆက်သွယ်ရေး ဘာသာရပ်၊ ရေကြောင်းလမ်းညွှန်ဘာသာရပ်နှင့် လှေလှော်ရွက်တိုက်ဘာသာရပ်များအား သင်ကြားလေ့ကျင့်ခဲ့ရသည့်အတွက် (၅)ပတ်တာမျှ သင်တန်းကာလအတွင်း အသိပညာ ဗဟုသုတများနှင့် အတတ်ပညာများ တိုးပွားခဲ့ပြီး နွေရာသီကျောင်းပိတ်ရက်များအား တန်ဖိုးရှိစွာ အသုံးချနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ နောင်တစ်ချိန်မှာ နိုင်ငံတော်ရဲ့ရေကြောင်းဆိုင်ရာကဏ္ဍကို ပခုံးပြောင်းတာဝန်ထမ်းဆောင်သွားမည့် မျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာမှာ ဖြစ်ပြီး နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်တာဝန်များကို အခန်းကဏ္ဍအသီးသီးမှ တာဝန်ထမ်းဆောင်ရမည့်သူများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ကြိုဆိုအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အမှတ်စဉ်(၁/၂၀၂၆) (မော်လမြိုင်စခန်း)မှ သင်တန်းသား/သင်တန်းသူများ ကိုယ်စား သင်တန်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က သင်တန်းသား/ သင်တန်းသူများ၏ သင်တန်းသရုပ်ပြသနေမှုတို့အား ကြည့်ရှုအားပေး၍ လက်ဖက်ရည်နှင့် မုန့်တို့အား သင်တန်းသား/ သင်တန်သူများနှင့်အတူ ချစ်ကြည်ရင်းနှီးစွာ အတူတကွ သုံးဆောင်ခဲ့ကြကာ သင်တန်းသား/သင်တန်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)