မြောက်ဥက္ကလာပ မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက ရွှေပေါက္ကံ (၁၂) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့၀န်ထမ်းများ ပူးပေါင်း၍ ရွှေပေါက္ကံ (၁၂) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာခြင်မှ တဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော ပေးခြင်း၊ အသိပညာပေးဗီနိုင်းများကပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ ၊စစ်ပြုလုပ်ခြင်း၊ ဘုရားပန်းအိုး၊ ရေစည်၊ ရေအိုးများတွင် ပိုးလောက်လမ်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)